နဂါးနိုင်မင်းမောင်ပေါက်ကျိုင်း
ကလေးတို့ရေ…
တကောင်းပြည်ကြီးမှာ အဘိရာဇာမင်းကြီးကစလို့ မင်း (၃၃) ဆက် အုပ်စိုးခဲ့သတဲ့။ အလွန်ရှေးကျတဲ့ကာလာ ဖြစ်တာမို့ တချို့အဖြစ်တွေဟာ နောက်လူတွေအတွက် ပုံပြင်ဆန်လာကြတယ်။ အခု ကလေးတို့ကို တကောင်းပြည်ကြီးမှာ အုပ်စိုးခဲ့တဲ့ မင်းတစ်ပါးဖြစ်တဲ့ နာဂရာဇာခေါ် နဂါးနိုင်မင်း မောင်ပေါက်ကျိုင်းအကြောင်း ပြောပြမယ်နော်….
ဟိုးရှေးတုန်းက တကောင်းပြည်ကြီးမှာ မိဘုရားကြီးတစ်ပါးရှိသတဲ့။ အဲ့ဒီ မိဖုရားကြီးဟာ နဂါးကြီးတစ်ကောင်နဲ့ ချစ်ကြိုက်နေတယ်လို့ ကောလာဟလ ဖြစ်နေသတဲ့။ ရှင်ဘုရင်လုပ်သူဟာ မင်္ဂလာဦးညမှာပဲ သေဆုံးကုန်သတဲ့။
အဲ့ဒီလိုကာလမှာ မောင်ပေါက်ကျိုင်းက တက္ကလိုလ်ပြည်က ပညာသင်ပြီး ပြန်လာတယ်။ ပြန်လာနီးမှာ ဒိသာပါမောက္ခဆရာကြီးက စကားသုံးခွန်းသင်ပေးလိုက်တယ်။ (၁) သွားပါများခရီးရောက်၊ (၂) မေးပါများခရီးရောက်၊ (၃) မအိပ်မနေ အသက်ရှည်တဲ့။ အဲ့ဒီစကားကြီးသုံးခွန်း စွဲမြဲမှတ်သားလိုက်နာနိုင်ရင် ကြီးပွားတိုးတက်မယ်လို့ မှာလိုက်တယ်။
တစ်နေ့မှာတော့ မောင်ပေါက်ကြိုင်းဟာ တကောင်းပြည်ကြီးကို ရောက်လာသတဲ့။ သွားပါများတော့ ခရီးရောက်ခဲ့ပြီပေါ့။ မေးပါများ စကားရဆိုတာ သတိရပြီး အဲ့ဒီတိုင်းပြည့်ရဲ့ အခြေအနေကို စုံးစမ်းကြည့်တော့ အကြောင်းစုံသိရတာပေါ့။ ဒါနဲ့ မောင်ပေါက်ကျိုင်းဟာ နန်းတော်က မှူးကြီးမတ်ရာတွေ့ဆုံလို့ ဘုရင်အဖြစ် တင်မြှောက်ခြင်းခံရတယ်။
ညသန်းခေါင်အချိန်ရောက်တော့ မိဘုရားနဲ့ ချစ်ကြိုက်နေတဲ့ နဂါးကြီးရောက်လာပါရော။ နဂါးကြီးဟာ မိဖုရားဘေးနားမှာရှိနေတဲ့ ငှက်ပျောတုံးကို လူစင်စစ်အောက်မေ့ပြီး တအားကုန်ပေါက်သတ်လိုက်သတဲ့။
အဲ့ဒီလို ပေါက်သတ်လိုက်တော့ နဂါးကြီးရဲ့ အစွယ်နှစ်ခုဟာ ငြိနေတာနဲ့ ပြန်ဖြုတ်လို့မရတော့ဘူး။ ဒီလိုဖြစ်နေတုန်း သန်လျှက်ကိုင်ပုန်းနေတဲ့ မောင်ပေါက်ကျိုင်းဟာ ပြေးထွက်လာပြီး နဂါးကြီးကို ခုတ်ပိုင်းလိုက်လို့ နဂါးကြီးသေပါလေရော။ မအိပ်မနေ အသက်ရှည်ဆိုတာ တယ်မှန်ပါလားလို့ ဆရာကြီးစကားအောက်မေ့ပြီး တက္ကသိုလ်ဆရာကြီးကို မှန်းပြီး ကန်တော့လိုက်သတဲ့။
မိဘုရားကြီးဟာ သူ့ချစ်သူ နဂါးကြီးသေသွားလို့ အခဲမကျေနိုင်ဘူးတဲ့။ ဒါကြောင့် ကျွမ်းကျင်သူတွေကို တိတ်တဆိတ်ခေါ်ယူပြီး နဂါးကြီးရဲ့ အရိုးကို ဆံထိုးလုပ်စေသတဲ့။ အသပြာတစ်ထောင်ပေးပြီး နဂါးကြီးရဲ့ အရေခွံကို ဆုပ်ခွာစေသတဲ့။ နောက်အသပြာတစ်ရာပေးပြီး နဂါးကြီးရဲ့ အရေခွံကို ချုပ်လုပ်စေသတဲ့။ အဲ့ဒီလို လျှို့ဝှက်လုပ်ကိုင်ပြီးတော့မှ မောင်ပေါက်ကျိုင်းနဲ့ စကားထာဝှက်သတဲ့။ ဖြေနိုင်ရင် သူ့ကိုသတ်၊ မဖြေနိုင်ရင် သင့်အသက်ကို သတ်ရမတဲ့။
စကားထာက “ထောင်ပေးလို့ဆုတ်၊ ရာပေးလို့ချုပ်၊ ချစ်တဲ့သူအရိုး ဆံထိုးလုပ်” တဲ့။
အဲ့ဒီအချိန်မှာ မောင်ပေါက်ကျိုင်းရဲ့ အဖေနဲ့အမေဟာ သူတို့သားဘုရင်ဖြစ်နေတယ်ကြားလို့ မေးမြန်းပြီး တကေင်းပြည်ထဲကိုရောက်လာသတဲ့။
ဒီလိုနဲ့ လိုက်တာလိုက်တာ ခရီးပန်းလို့ သစ်တစ်ပါင်အောက်မှာ နားပြီး ပါလာတဲ့ ထမင်းထုတ်ကို ဖြီပြီးစားကြသတဲ့။ စားပြီးတော့ ထမင်းကျန်၊ ဟင်းကျန်ကို ငှက်တွေစားရအောင် စွန့်ပစ်ကျွေးလိုက်တယ်။ အဲ့ဒီလိုနဲ့ အဘိုးအို၊ အဘွားအိုတို့ဟာ သစ်ပင်အောက်မှာ စားပြီးနားနေတုန်း သစ်ပင်ပေါ်ကကျီးဖို ကျီးမ အချီအချ စကားပြောသံကြားရသတဲ့။
“ကျီးဖိုရေ၊ ဒီနေ့အတွက်တော့ အစာစားလို့ပြီးပြီ။ နက်ဖြန်အတွက် လိုသေးတယ်” လို့ ကျီးမက ပြောသတဲ့။ အဲ့ဒီအခါ အဘိုးကြီးက အဘွားကြီးကို လက်တို့ပြီး ကျီးဖို ကျီးမစကား ဆက်နားစွင့်နေကြတာပေါ့ကွယ်။
ဒါနဲ့ ကျီးမက အကျိုးအကြောင်း ပြောပါဦးဆိုတော့ ကျီးဖိုက…
“ဒီလိုကွယ့်၊ မိဖုရားကြီးက သူ့လင်နဂါးကြီးကို မောင်ပေါက်ကျိုင်းသတ်လိုက်တာ မကျေနပ်လို့ နဂါးအရေခွန်ကို အသပြာတစ်ထောင်ပေးပြီး ဆုတ်တယ်။ နောက်တစ်ရာပေးပြီးချုပ်စေတယ်။ ဲပီးတော့ နဂါးအရိုးကို ဆံထိုးလုပ်သတဲ့။ အဲ့ဒါကိုပုစ္ဆာလုပ်ပြီးမေးတာ။ မောင်ပေါက်ကျိုင်းက မဖြေနိုင်ဘူးတဲ့”
အဲ့ဒီလို ကျီးဖို ကျီးမပြောတာကို အဘိုအို၊ အဖွားအိုတို့ကြားပြီး နန်းတော်ဆီခရီးဆက်ခဲ့ကြသတဲ့။ ထင်တဲ့အတိုင်း နန်းတော်ရောက်တော့ မောင်ပေါက်ကျိုင်းဟာ ငေးငိုင်နေရှာတယ်။ ဒါနဲ့ သူ့မိဘနှစ်ပါးက အကျိုးအကြောင်းမေးပြီး လမ်းမှာကြားခဲ့ရတဲ့ ကျီးဖို ကျီးမစကားကို အောင်ပေါက်ကျိုင်းအား တိုးတိုးပြောပြလိုက်တယ်။ အဲ့ဒီတော့မှ မောင်ပေါက်ကျိုင်းဟာ စကားထာအဖြေကိုသိရပြီး ရွှင်ပြလာနိုင်တော့တယ်။
နောက်နေ့ ညီလာခံ ဗိုလ်ထူအလယ်မှာ မိဘုရားရဲ့ အမေးပုစ္ဆာကို မောင်ပေါက်ကျိုင်းက ပိုင်ပိုင်နိုင်နိုင်ဖြေလိုက်နိုင်တာပေါ့။
အဖြေကိုကြားရတဲ့အခါ မိဖုရားကြီးဟာ အထင်နဲ့ အမြင်လွဲသွားပြီး ။ အသက်ခံရမယ့်သူဟာ သူဖြစ်နေပါလားဆိုကာ အဲ့သည်တော့မှ သေရမှာကြောက်ပြီး မောင်ပေါက်ကျိုင်းကိုတောင်ပန်တော့သတဲ့။ သူမှားပါပြီးပေါ့ကွယ်။
မောင်ပေါက်ကျိုင်းဟာ မိဘနှစ်ပါးရဲ့ကျေးဇူးကြောင့် သူ့အသတ်မခံရတာဖြစ်တယ်လို့ မှူးမတ်တွေကို ဖွင့်ပြောပြီး ရန်ကို ရန်ချင်းမတုံ့နှင့်လိုဘူးဆိုကာ မိဘုရားကြီးကို အသက်ချမ်းသာပေးလိုက်သတဲ့။ ဒါကြောင့် နဂါးနိုင်မင်းရယ်လို့ မောင်ပေါက်ကျိုင်းဟာ ကျော်ကြားလာတော့တာပေါ့။