အဘိရာဇာနှင့် သားနှစ်ပါး

 အဘိရာဇာနှင့် သားနှစ်ပါး



ကလေးတို့ရေ…

    မြန်မာနိုင်ငံမှာ တကောင်းပြည်ကို စတင်တည်ထောင်တဲ့ အဘိရာဇာမင်းကြီးဆိုတာရှိခဲ့လေတယ်။ “တကောင်းအဘိရာဇာ” လို့လည်း အမည်တွင်သတဲ့။ တကောင်းမြို့ဆိုတာ မြန်မာပြည်မြောက်ဖျားမှာ ရှိလေတယ်။ မန္တလေးမြို့ကနေ ဧရာဝတီမြစ်ကြောင်းအတိုင်း ဆန်တက်သွားရင် မြစ်ရဲ့အရှေ့ဘက်ကမ်းမှာ ရှိသတဲ့။

    တကောင်းမှာ ဗမာ၊ ရခိုင်၊ ရှမ်း စတဲ့ တိုင်းရင်းသားတို့ နေထိုင်ကြတယ်။

          အဘိရာဇာမင်းကြီးဟာ သာကီဝင်မင်းမျိုးဖြစ်တယ်။ အနောက်ဘက် အိန္ဒိယနိုင်ငံ ကပိလဝတ်ပြည်ဘက်ကနေ စစ်ရှောင်ရင်း မြန်မာနိုင်ငံတွင်း ရောက်လာတယ်လို့ဆိုတယ်။ အဘိရာဇာမင်းကြီးမှာ ကံရာဇာကြီးနဲ့ ကံရာဇာငယ်ဆိုတဲ့ သားတော်နှစ်ပါး ရှိလေတယ်။

        အဘိရာဇာမင်းကြီး အနိစ္စရောက်တဲ့အခါ သားတော်နှစ်ပါးဟာ ထီးန်းကို သူရထိုက်၊ ငါရထိုက်ငြင်းခုံကာ နန်းလုကြသတဲ့။ အဲ့ဒီအခါ ကံရာဇာကြီးဘက်က ရဲမက်စစ်သည်တွေကလည်း ဓားလှံလေးမြား လက်နက်ပြင်ကြတယ်။ ကံရာဇာငယ်ဘက်က စစ်သည်ရဲမက်တွေကလည်း အလားတူ လက်နက်ပြင်ပြီး နှစ်ဖက်တိုက်ဖို့ ပြင်ကြလေတယ်။

        အဲ့ဒီအခါမှာ မှူးကြီးမတ်ရာသေနာပတိတို့က တင်လျှောက်ကြတယ်။ “အရှင့်သားတို့၊ လက်နက်ဆင်မြင်းနဲ့ စစ်ပြိုင်တိုက်ခိုက်ကြရင် သွေးချောင်းစီးကာ ပြည်သူတွေလည်း သားတစ်ကွဲ မယားတစ်ကွဲ ဆင်းရဲဒုက္ဒရောက်ကြပါလိမ့်မယ်။ ဒီတိုင်းပြည်နစ်နာဖို့သာ ရှိပါတယ်။ ဒါကြောင့် လက်နက်လေးမြှားနဲ့ စစ်မထိုးဘဲ ကုသိုလ်စစ်သာ ထိုးကြပါလို့ တင်လျှောက်လေတယ်။

    မင်းသားညီနောင်တို့ကလည်း “ကုသိုလ်စစ်ဆိုတာ ဘယ်လိုမျိုးလဲ” လို့မေးမြန်းတဲ့အခါ မှူးမတ်များက တိုင်ပင်ထားတဲ့အတိုင်း “အရှင့်သားတို့ မဏ္ဍပ်တစ်ဆောင်နဲ့ ဘုရားတစ်ဆူစီကို တစ်ညဉ့်အတွင်း အပြီးတည်ကြပါ။ အရင်ပြီးသူက ခမည်းတော်မင်းကြီးရဲ့ ထီးမွေနန်းမွေကို ဆက်ခံတော်ပူပါ” လို့ မူးမတ်များက တစ်ညီတည်း လျှောက်ထားလေတယ်။

        အမှန်တော့ မင်းသားနှစ်ပါးရဲ့ ဉာဏ်ရည်ကို အကဲခတ်နိုင်ဖို့ မူးမတ်တွေက စီစဉ်လိုက်ခြင်းသာ ဖြစ်ပေတယ်။

            မင်းသားနှစ်ပါးလည်း သဘောတူတာကြောင့် တစ်ယောက်ကို တစ်တောင်းလုံးစီနေရာသတ်မှတ်ယူကြပြီး မဏ္ဍပ်ဆောက်၊ ဘုရားတည်ဖို့စီမံကြသတဲ့။

        နောင်တော်ကံရာဇာကြီးဟာ တောတောင်ထဲလှည့်ပြီး သစ်ကြီးဝါးကြီးများ ရှာစေတယ်။ တချို့ကိုလည်း မြစ်ထဲက သဲတို့ မြစ်ထဲက သဲတို့၊ ကျောက်တို့ကို ရအောင်ယူစေလို့ စီစဉ်တယ်။ ဒါကြောင့် တစ်ညလုံး အချိန်ကုန်ကာ မဏ္ဍပ်လည်းမပြီးနိုင်၊ ဘုရားစေတီဆောက်ဖို့လည်း အုပ်မြစ်အခြေကိုမျှ မပြီးနိုင်ရှိလေသတဲ့။

        ညီတော်ကံရာဇာကတော့ အစစ်အမှန်ဆောက်ရင် တစ်ညအတွင်းဘယ်လိုမှ မပြီးနိုင်၊ ဉာဏ်ကူမှဖြစ်မယ်လို့ စဉ်းစားကာ လက်နိုင်ခြေနိုင် သစ်ဝါးတို့နဲ့သာ အမြန်ပြီးအောင် မဏ္ဍပ်ဆောက်လေတယ်။ ဘုရားစေတီကိုလည်း ဝါးယက်ပြီး ပုံလုပ်ကာ အပေါ်က ဖျာပတ်၊ ဖျင်ဖြူရစ်ကာ မွမ်းမံပြီး ထုံးဖြူသုတ်လို့ ထီးတင်ထားလေတယ်။

        နံနက်မိုးလင်းလို့ မှူးမတ်သေနာပတိတွေနဲ့ နန်းတွင်းသူ၊ နန်းတွင်းသားတို့ လှမ်းမျှော်ကြည့်ကြတဲ့အခါ ညီတော်ကံရာဇာငယ်ရဲ့ တောင်ထိပ်မှာသာ မဏ္ဍပ်ကြီးနဲ့ စေတီတော်ကို မြင်ကြရသတဲ့။ နောင်တော် ကံရာဇာကြီးရဲ့ တောင်ထိပ်မှာတော့ မန္နက်သဲအုပ်မြစ်ကိုတောင်မှ ကောင်းစွာမမြင်ရဘဲ ရှိသတဲ့။

        နောင်တော် ကံရာဇာကြီးက “ငါ့ညီဟာ ဘုန်းရှင်ကံရှင် ဖြစ်လေတယ်” လို့ မိန့်တော်မူကာ ညီတော်အား ထီးနန်းလွှဲခဲ့လေတယ်။ လွှဲပြီးတဲ့အခါ နောင်တော်ကံရာဇာကြီးဟာ နောက်လိုက် ဆင်၊ မြင်းဗိုလ်ပါ အများနဲ့ ဖိုးခေါင်တစ်ရိုးကို ကျော်ဖြတ်ပြီး ရခိုင်ပြည်ဘက် ထွက်ခွာသွားသတဲ့။

        နောင်တော်ကံရာဇာကြီး ရခိုင်ပြည်ရောက်တဲ့အခါ ရခိုင်နန်းရိုး သာကီဝင်မျိုးဆက် မင်းသမီး သုနန္နရီနဲ့ ညီအစ်မနှစ်ပါးကို မိဖုရားမြှောက်ကာ ထီးနန်းစိုးစံလေတယ်။ ဓညဝတီမြို့သသစ်ကိုလည်း တည်တော်မူလေတယ်။ မျိုးဆက်လည်း ဆက်လက်ပွားစည်လေတယ်။ ညီတော် ကံရာဇာငယ်မင်းကြီးကလည်း တကောင်းပြည်တွင် စံတော်မူရင်ကာ သူ့ရဲ့သားတော်အစဉ်၊ မြေးတော်အဆက်၊ မြစ်တော်အညွန့်၊ မျိုးစဆက်တို့ဟာ အရှေ့ဘက်ရှမ်းပြည်များမှာလည်းကောင်း၊ တောင်ဘက် ဗမာနိုင်ငံအတွင်းမှာလည်းကောင်း ဆက်လက်အုပ်စိုးကာ နေကြလေတယ်။