စူဠာသမ္ဘာဝ၊ မဟာသမ္ဘဝ

 

­စူဠာသမ္ဘာဝ၊ မဟာသမ္ဘဝ

 


ကလေးတို့ရေ

တကောင်းပြည်ကြီးမှာ နဂါးနိုင်မင်းနဲ့ မင်းမိဖုရားကြီးက သားတော်လေးနှစ်ပါး ဖွားမြင်သတဲ့။ ဒါပေမယ့် သားတော်နှစ်ဦးစလုံးမှာ မျက်စိမမြင်ရတာကြောင့် မင်းကြီးက ရှက်တော်မူပြီး သားတော်နှစ်ပါးကို ဖျောက်ဖျက်စေသတဲ့။ ပထမတော့ မိဖုရားကြီးက သားတော်နှစ်ပါးကို တိတ်တဆိတ် ဝှက်ထားသေးတယ်။ နောက်တော့ မင်းကြီးကသီးသွားပြီး “ငါ့ အသရေကို ဖျက်သလား” အခုချက်ချင်း ဖျောက်ဖျက်ပစ်လိုက်လို့ မိန့်တာကြောင့် မိဖုရားကြီးလည်း မသတ်လိုတာနဲ့ သူ့ထိုက်နဲ့ သူ့ကံရှိပါစေတော့ဆိုပြီး လျှို့ဝှက်စွာ ဆောင်တစ်ခု ခိုင်ခိုင်လုပ်စေတယ်။ ပြီးတော့ မသိုးထမင်း မသိုးဟင်းတွေကို ထည့်ပေးလိုက်သတဲ့။ ကြာရှည်ခံစေမယ့် မုန့်ပဲသရေစာလိုမျိုးပေါ့ကွယ်။ ဘေးရန်ကာကွယ်ဖို့ လက်နက်ငါးပါးကိုလဲ ထည့်ပေးလိုက်တာပေါ့။ ပြီးတော့မှ ဧရာဝတီမြစ်တစ်ကြောမျှောလိုက်လေသတဲ့။

ဒီလိုနဲ့ မင်းသားနှစ်ပါးဟာ ဖောင်ပေါ်မှာ လိုက်ပါလာကြတယ်။ အစားအသောက်စားကြရာမှာလည်း အစ်ကိုကြီးက မဟာမ္ဘဝက ကျန်တဲ့အတိုင်းအတာကိုမှတ်သားထားသတဲ့။ အဲ့ဒီလိုမျောလာကြရင်း ဘီးလူးမတစ်ဦးဟာ မင်းသားတွေရဲ့ အစားကို ခိုးခိုးပြီးစာသတဲ့။ သူတို့အစားအစာတွေ လျော့လာတာကို သတိထားမိတဲ့ မဟာသမ္ဘဝဟာ တစ်ခါမှာ သတိနဲ့ စောင့်ဖမ်းတော့ ဘီလူးမလက်ကို ဖမ်းဆုပ်မိသတဲ့။ လန်လက်မြောက်ပြီးသတ်မယ်လုပ်တော့ ဘီလူးမက တောင်းပန်   ရှာတယ်။ “သူ့အသက်ကို ချမ်းသာပေးပါ။ မင်းသားတို့ရဲ့မျက်စိများ ပြန်မြင်လာအောင် ကုပေးပါ့မယ်” လို့ ဆိုသတဲ့။

“သင့်စကားအတိုင်း တည်ပါစေ” ဆိုပြီးအသက်ချမ်းသာပေးပါလို့ ဘီလူးမက မင်းသားတို့ မျက်စိကို စ , ကုပေးသတဲ့။ အခုအခါ “စကု” လို့ တွင်တဲ့နေရာမှာ ဘီလူးမ စကုတဲ့နေရာလို့ ဆိုပါတယ်ကွယ်။ ဒီလို ဖောင်လျှောလာရင်း မင်းသားတွေ မျက်စိအလင်းစခဲ့သတဲ့။ အဲဒီအရပ်ကို “စလင်း” လို့ခေါ်သတဲ့။

အဲ့လိုနဲ့ ဖောင်မျှောလာကြရင်း စစ်ပင်ကြီး ကိုင်းနေတာမြင်ရလို့ “စစ်ကိုင်း” လို့ခေါ်ကြသတဲ့။ မင်းသားနှစ်ပါးလည်း မျက်စီလုံးလုံးမျက်စိလုံးလုံးမြင်လာကြပြီပေါ့ကွယ်။ မင်းသားနှစ်ပါးဟာ ဖောင်ကို ဆက်မျှောလာကြရင်း ဧရာဝတီမြစ်ကမ်း တစ်နေရာအရောက်မှာ ဖောင်ကို ကမ်းကပ်ပြီး လက်နက်ငါးပါးယူကာ ကုန်းပေါ်တက်သွားကြသတဲ့။

စူဠာသမ္ဘဝ၊ မဟာသမ္ဘဝ မင်းသားနှစ်ပါး ဖောင်ဆိုက်ရပ်တဲ့ ဒေသဟာ ကုန်းတလင်းလို့ တွင်သတဲ့။ အဲ့ဒီဒေသမှာ သူတို့ရဲ့ ဦးရီးတော် ရှင်ရသေ့ ကျောင်းသင်္ခမ်းရှိသတဲ့။ မင်းသားတွေကတော့ သိလိုရင်မဟုတ်ပေးဘူး။

မင်းသားနှစ်ပါးဟာ မြစ်ကမ်းလျှောက်လာကြရင်း မြစ်ဆိပ်တစ်နေရာမှာ ချောမောလှပတဲ့ အမျိုးသမီးတစ်ဦးကို တွေ့သတဲ့။ အဲဒီအမျိုးသမီးက ဘူးသီးခြောက် အဝကျဉ်းရေဘူးနဲ့ ရေနှစ်ခပ်နေကြသတဲ့။ တော်တော်နဲ့ရေမပြည့်နိုင်ဘူးပေါ့ကွယ်။ ဒါနဲ့ မင်းသားအကြီး မဟာသမ္ဘဝက “မိုက်လိုက်လေ မိန်းကလေးရယ်၊ ဒီအဝကျဉ်းဘူးနဲ့ တစ်နေကုန်ရေနှစ်ခပ်လည်း ပြည့်မှာမဟုတ်။ ပေး ဆိုပြီး သန်လျှက်နဲ့ ဘူးကို ချဲ့ပေးလိုက်သတဲ့။ အဲ့ဒီလိုချဲ့ပေးလိုက်တော့ ခဏချင်းရေပြည့်သွားတာပေါ့ကွယ်။ မင်းသားတွေက အမျိုးသမီးရဲ့ အမည် နေရပ် ဒေသ မေးမြန်းလို့ ရေခပ်တဲ့ အမျိုးသမီးနာမည်က “ဗေဒါရီ” ဆိုတာ သိရတယ်။

ဗေဒါရီက မင်းသားနှစ်ပါးကို သု့အဘ ရသေ့ကျောင်းသင်္ခမ်းကို ရှေ့ဆောင်ကာ ခေါ်သွားသတဲ့။ တကယ်တော့ အဘရသေ့ဟာ ဗေဒါရီကို မွေးကင်းစအရွယ် တောစပ်မှာ တွေ့ရသတဲ့။ ကြန်အင်လက္ခဏာ အရိုးအဆစ် ပြေပြစ် လှပချောမောတာနဲ့ ကောက်ယူမွေးစားခဲ့တာပဲ။ ဗေဒါရီလို့လည်း အမည်မှည့်ခဲ့သတဲ့။

ဗေဒါရီအရွယ်ရောက်လာတော့ အဝကျဉ်းဘူးသီးခြောက်ဘူးနဲ့ မြစ်ဆိပ်မှာ နေ့စဉ်ရေခပ်ခိုင်းခဲ့တာပေါ့။။

သည်ကနေ့ ဗေဒါရီပြန်လာတာစောလို့ အကျိုးအကြောင်းမေးတော့မှ အဘရသေ့အကြောင်းစုံ သိရတယ်။ မင်းသားတွေရဲ့ မျိုးရိုးဇစ်မြစ်ကို မေးမြန်းတော့ တူအရင်းတွေ ဖြစ်နေမှန်း သိရသတဲ့။

ရသေ့ကြီးဟာ တကောင်းမိဘုရားကြီးရဲ့ မောင်ဖြစ်သတဲ့။ တစ်နေ့တောဝက်ကြီး နှိမ်နှင်းဖို့ လိုက်ရင်း နယ်လည်းကျွံလာ၊ တောဝက်ကြီးကိုလည်း အပြီးအပိုင်နှိမ်နှင်းနိုင်ခဲ့တယ်။ ဒါပေမယ့် ဝက်ကြီးကို သူနှိမ်နှင်းပြီး ကြောင်း နေပြည်တော်ပြန် ဘုရင်ကိုလျောက်တင်ရင် ယုံမှာမဟုတ်ဘူး။ သူ့အသက်အရွယ်နဲ့ ဝက်ကောင်ကြီးထမ်းပြီးတော့လည်း မသွားလိုတော့ဘူး။ နောက် လောကီစည်းစိမ်တွေကိုလည်း သူငြီးငွေ့လာသတဲ့။ ဒါနဲ့ ရသေ့ရဟန်ပြုပြီး ကျောင်းဆောက်သတင်းသုံးနေတာပေါ့ကွယ်။ အဲ့ဒီအရပ်ဟာ ရသေ့မြို့လို့ တွင်သတဲ့။

တစ်ဦးနဲ့တစ်ဦး စကားတွေလိပ်ပတ်လည်တော့ ရသေ့ကြီးက ပြောသတဲ့။ “ကဲ ငါ့တူအကြီး မဟာသမ္ဘဝနဲ့ ဗေဒါရီကို ထိမ်းမြားပေးမယ်။ မြို့တော်တည်ပြီး နေကြပေတော့” ဆိုပြီး ရသေ့ကြီးက လက်ထပ်ပေးခဲ့တယ်။

မဟာသမ္ဘဝမင်းကြီး နတ်ရွာစံကံကုန်တော့ ညီ စူဠာသမ္ဘာဝက ဆက်ပြီးနန်းတက်တယ်။ ဗေဒါရီကိုလည်း မိဖုရား ဆက်မြှောက်တယ်။ အစ်ကိုယ်တော်ရဲ့ ကိုယ်ဝန်သုံးလ ပါလာတယ်။ သူတို့မှာ သားတော်ထွန်းကားလာတယ်။ နဖူးမှာ မှဲ့ရှင်တော်ပါလာလို့ ဘုန်းကံကြီးမားသတဲ့။ နော်အခါ သရေခေတ္တရာပြည်ကို တည်ထောင်တဲ့ “ဒွတ္တဘောင်” မင်းကြီး ဖြစ်လာသတဲ့ကွယ်။

 

 

ကြည်နိုင် (မြန်မာ့သမိုင်း ပုံပြင်ပုံရိပ်များ)