မြန်မာ့သမိုင်းထဲကတစ္ဆေ စစ်သူကြီး(သို့)ဥဒိန်ကျော်ခေါင်

 မြန်မာ့သမိုင်းထဲကတစ္ဆေ

စစ်သူကြီး(သို့)ဥဒိန်ကျော်ခေါင်

"""""""""""""""""""""


 မြန်မာ့သမိုင်းထဲမှာ

သေဆုံးပြီးမှတစ္ဆေဘဝနဲ့စစ်တိုက်ထွက်ခဲ့တဲ့စစ်သူကြီးတဦးရှိခဲ့ပါတယ်။ သူကတော့ နောင်တော်ကြီးမင်းလက်ထက်မှာပေါ်ပေါက်ခဲ့တဲ့ ဗိုလ်ဥဒိန်ကျော်ခေါင် ဆိုသူပါ။ နောင်တော်ကြီးမင်းက ဇင်းမယ်ကိုချီတက်တိုက်ခိုက်စေခဲ့တဲ့ တပ်မှာပါသွားခဲ့ပြီး လမ်းခရီးမှာ သေဆုံးခဲ့သူပါ။


 သေဆုံးပြီးတဲ့နောက် တစ္ဆေဖြစ်ခဲ့ပြီး တစ်ညနောင်တော်ကြီးမင်း စက်တော်ခေါ်နေစဉ်မှာ မင်းကြီးခြေထောက်ကို လှုပ်နိုးခဲ့ပြီး


– မိမိသည်လမ်းတွင်သေဆုံးခဲ့ပြီးဖြစ်ကြောင်းနှင့် ဆက်လက်ပြီး အမူတော်ကိုထမ်းလိုပါကြောင်း လျှောက်တင်ခဲ့တဲ့အတွက် မင်းကြီးကလက်ခံခဲ့ပါတယ်။


မုတ္တမမြို့မှာထားတဲ့ ကင်းတပ်ကို ယိုးဒယားတပ်များဝင်ရောက်တိုက်ခိုက်တယ်လို့ ကြားရတဲ့အတွက် မြင်းသည်ကျော် ငသာနှင့် ငရွှန်း တို့ကို ထောက်လှမ်းဖို့ မုတ္တမသို့စေလွှတ်ခဲ့ပါတယ်။ 


ရက်ပေါင်းများစွာ ကြာတဲ့အထိပြန်ရောက်မလာတဲ့အတွက် တစ္ဆေဥဒိန်ကျော်ခေါင်ကို တစ်ချက်လွှတ်အမိန့်နဲ့ မုတ္တမကို စုံစမ်းဖို့စေလွှတ်ခဲ့ပါတယ်။ နေ့ချင်း ပြန်ရောက်လာပြီး ယိုးဒယားတပ်များတိုက်ခိုက်သည်မှာ မဟုတ်မှန်ကြောင်း နှင့် ကင်းတပ်မှာ ပုံမှန်အတိုင်းသာရှိနေကြောင်းလျှောက်တင်ပါတယ်။


နောင်တော်ကြီးမင်းက ယုံတော်မမူ၍ ထပ်မေးရာ – မင်းကြီးစေလွှတ်သည့်အထောက်တော်များကို တောင်ငူမြို့ခပေါင်းချောင်းအနီးတွင် စခန်းချနေသည်ကိုတွေ့သည့်အတွက် သစ်ကိုင်းများကိုချိုးပြ ၊ သစ်ကိုင်းကိုလှုပ်ပြ၍ ခြောက်လှန်ခဲ့သေးကြောင်း လျှောက်တင်ပါတယ်။ မကြာမီ အထောက်တော်များပြန်ရောက်လာသဖြင့် မေးမြန်းရာ မုတ္တမကင်းတပ်အထွေအထူးမရှိသည်မှာ မှန်ကန်ပါကြောင်း ၊ ခပေါင်းချောင်းအနီးတွင် ခြောက်လှန့်သည်မှာလည်း မှန်ပါကြောင်း သိရှိရလိုက်ရပါတယ်။


နောင်တော်ကြီးမင်းက တစ္ဆေအားဘွဲ့ပေးရန်အတွက် ကိုယ်ထင်ပြခိုင်းပါတယ်။ တစ္ဆေက မိမိရုပ်မှာအလွန်ဆိုးရွားပျက်စီးနေပြီး ကြောက်မက်ဖွယ်ဖြစ်နေသဖြင့် မပြဝံ့ပါဟု ပြန်လျှောက်တဲ့အတွက် “ဇဝနယက္ခ ကျော်ခေါင်” လို့ရေးထားသော ရွှေပြားကို ကလပ်ပ်ါတွင်တင်ထားပြီး ယူစေပါတယ်။ 


ဘွဲ့ရွှေပြားနှင့် ကြိုးတို့သည် ကလပ်ပေါ်မှ သူ့အလိုလိုရွေ့သွားပြီး ထုပ်လျှောက်ကြားမှာ တက်ချိတ်နေတာကို မှူးမတ်အားလုံးမြင်သွားပြီး ကြောက်လန့်ကုန်ကြပါတော့တယ်။


ဒီအကြောင်းကို လှေသင်း အတွင်း ဝန်မင်း မဟာဇေယသင်္ခယာ က “တဇ္ဇတ္ထဒီပနီ” ကျမ်းတွင်မှတ်တမ်းတင်ထားခဲ့သလို ဦးဖျော်ရဲ့ ပလိပ်စားဧချင်း (ခေါ်) စဥ့်ကူးမင်းရွှေနားတော်သွင်းဧချင်း မှာ ထည့်သွင်းဖွဲ့ဆိုခဲ့ပါတယ်။ 


သမိုင်းမှတ်တမ်းထဲမှ ထူးခြားတဲ့အကြောင်းအရာတစ်ရပ် အဖြစ်ဗဟုသုတ အနေနဲ့ ထုတ်နှုတ်ပြခြင်းဖြစ်ပါတယ်။


စစ်သူကြီး(သို့)ဥဒိန်ကျော်ခေါင်


ဇဝနယက္ခကျော်ခေါင် ဘွဲ့ရသောတစ္ဆေ – မောင်ခင်မင်(ဓနုဖြူ)