မတန်လို့ပါ
တစ်ခါတုန်းက အလွန်ဆင်းရဲတဲ့ သူဖုန်းစား လင်မယားနှစ်ယောက်ရှိတယ်။ တစ်နေ့ သူဖုန်းစားမ ကိုယ်ဝန်ရတော့ ဘုရင့်ပွဲတော်အုပ်မှ စားချင်တယ်လို့ ချဉ်ချင်းတပ်တယ်..အဲ့တော့ သူ့ယောက်ျား သူဖုန်းစားကို ပူဆာတယ် ။
“မောင်တော် ဘုရင့်ပွဲတော်အုပ် စားချင်တယ်လို့ နှမတော်ချဉ်ချင်းတပ်တယ် .. ဘုရင့်ပွဲတော်အုပ်မှ မစားရရင် နှမတော် သေရပါလိမ့်မယ်။ မောင်တော် ရအောင်ယူပေးပါ ”
“ ဪ ••• နှမတော်ရယ် သူဖုန်းစားနဲ့ ဘုရင့်ပွဲတော်အုပ် မတန်မရာ တခြားဟာဆို တော်သေး..တို့က သူတောင်းစား ဘုရင့်ပွဲတော်အုပ် မတန်မရာ ဘယ်လိုယူလို့ရမလဲ.. ”
“ မောင်တော် နှမတော်ကို ချစ်ရင် ယူပေးရမယ် မဟုတ်လို့ ကတော့ နှမတော် ဒေါသကို
သိတယ်နော် ”
အဲ့ဒီတော့ သူဖုန်းစားက စဉ်းစားတယ် နန်းတော်ထဲ ဝင်ခိုးလို့ မလွယ်ဘူး•• မိရင် ငါသေမှာ..အဲ့ဒီတော့ ရဟန်းအသွင်ဆောင်ပြီး ဆွမ်းခံကြွရင် အဆင်ပြေမယ်..ခေါင်းတုံး၊ သင်္ကန်းပတ်၊ သပိတ်လွယ်ပြီး နန်းတော်ရှေ့ကိုကြွ.. သူတောင်းစားဆိုတော့ ဟန်ဆောင်ကောင်းတယ် ။ နန်းတော်ရှေ့မှာ ဣနြေ္ဒ အပြည့်နဲ့ ရပ်နေတာ ဘုရင်ကတွေ့တော့ ပညာရှိဘုရင်ပဲ သိတာပေါ့.••။
ဘုရင်က “ငါ ဒီရဟန်းအတုကို မောင်းထုတ်လိုက်ရင် ဒီဘုရင်ရဟန်းကို မရိုမသေ လုပ်တယ်ဆိုပြီး အများပြည်သူတွေက ငါ့ကို ကဲ့ရဲ့ရှုတ်ချကြမယ်.´´ဒီတော့ ဘုရင်က အမတ်ကိုပြောတယ်..“ဒီရဟန်းထူးခြားတယ် ခေါင်းကလဲ ခုမှရိပ်ထားသကဲ့သို့စိမ်းလို့ ဣနြေ္ဒအပြည့်နဲ့ ,, ဒါနဲ့ အမတ်တစ်ယောက်ကို လွှတ်ပြီး “ဘာအလိုရှိလဲ လျောက်လိုက်စမ်း´´..ဆိုပြီးခိုင်းတယ်။
အမတ်က ရဟန်းတုကိုမေးပြီးပြန်လာ ဘုရင်ကိုပြန်လျောက်တင်တယ်“ ဘုရင့်ပွဲတော်အုပ် အလှူခံချင်တယ်တဲ့´´ဘုရားပေါ့ လျောက်တယ်။
ဘုရင်က “ဒါဆို ယူပြီးကပ်လိုက်စမ်း.´´.ပြီးတော့ ဘုရင်က အမတ်ကိုပြောတယ် “ဒီရဟန်းထူးခြားတယ်၊ အနောက်ကနေ မသိမသာ လိုက်ချောင်းစမ်း၊ ဘာလဲသိရအောင်´´ပေါ့။
ဒါနဲ့အမတ်က အနောက်ကနေလိုက် မြို့ပြင်ဇရပ်နားရောက်တော့ သူတောင်းစားက သင်္ကန်းကို ချွတ်လိုက်တော့ အောက်ကလူဝတ်ကိုလည်းမြင်ကော “ဒီကောင်သူဖုန်းစားပဲ.´´ဆိုတာသိလိုက်တယ် ။
အမတ်ကလဲ ပညာရှိအမတ်ဆိုတော့ စဉ်းစားတယ်“ ငါ ဘုရင်ကို အမှန်အတိုင်း ပြန်လျောက်ရင် ဘုရင်က ဒီ သူတောင်းစားကို သတ်လိမ့်မယ်..ဒီ သူတောင်းစား အဆင့်လောက်နဲ့ ငါ့ဘုရင် အကုသိုလ်ဖြစ်ရတာ “မတန်ပါဘူး”´´လို့ စဉ်းစားပြီး နန်းတော်ကိုပြန်တယ် ။
နန်းတော် ပြန်ရောက်တော့ ဘုရင်က မေးတယ် “ဟိုရဟန်း အခြေနေ ဘာထူးလဲအမတ်"လို့ မေးတော့ အမတ်က “မှန်လှပါ အရှင်ဘုရားရဲ့ဘုန်းတော်ကြောင့် မြို့ပြင်ဇရပ် တစ်နေရာမှာကြည့်ရင်း ကြည့်ရင်းနဲ့ ရဟန်းအသွင် ပျောက်သွားပါတယ် ဘုရား"လို့ လျောက်တင်တော့...
အရေးတယူ လုပ်ရမည့် ကိစ္စမဟုတ်တော့ ဘုရင်ကလည်း သိလျက်နဲ့ ပြုံးတော်ပဲ မူလိုက်တယ်.။
"မတန်လို့ ဒီတိုင်းလွှတ်ထားတာကို မသိဘူးလို့တော့ မထင်ပါနဲ့တဲ့ ”
(တစ်ချို့ကိစ္စတွေက ကိုယ်မှန်ပေမယ့် .. အရေးတယူလုပ်ဖို့ မတန်တာတွေ အများကြီးပါ)
မေတ္တာဖြင့်