ကျေးဇူးကန်းသောခြင်္သေ့

ကျေးဇူးကန်းသောခြင်္သေ့


    တောထဲကိုလမ်းလျှောက်လာတဲ့ ခရီးသွားတစ်ယောက်ဟာ ခြင်္သေ့တစ်ကောင်ရဲ့ နာနာကျင်ကျင်အော်ဟစ်သံကိုကြားလိုက်ရပါတယ်။

    အော်သံဟာ သူလျှောက်လာတဲ့လမ်းနဲ့ တဖြည်းဖြည်းနီးကပ်လာပြီး မကြာခင်မှာတော့ ခြင်္သေ့တစ်ကောင် ထောက်ချောက်ထဲမိနေတာကို မြင်လိုက်ရပါတော့တယ်။

အဲဒီ့အခါမှာ ခြင်္သေ့က ခရီးသွားကို တောင်းပန်ပါတယ်။

“ အသင်ခရီးသွား ငါ့ကိုတချက်လောက်ထောင်ချောက်ထဲကနေ လွတ်အောင်ကူညီပေးပါလား၊ မကြာခင်မှာ မုဆိုး‌ရောက်လာပြီး ငါ့ကို သတ်လိမ့်မယ်၊ အဲဒါကြောင့် ငါ့ကိုကယ်ပါ” လို့တောင်းဆိုပါတော့တယ်။

ခရီးသွားဟာ
အသက်တစ်ချောင်းကို ကယ်ချင်ပေမယ့် ခြင်္သေ့အစားခံရမှာကိုလည်းကြောက်တာကြောင့် ခြင်္သေ့ကိုကတိတောင်းပါတယ်။

“ကယ်တာက ကယ်လို့ရပါတယ်၊
ဒါပေမယ့် မင်းကိုကယ်ပြီး လွတ်မြောက်တဲ့အခါ ငါ့ကိုသတ်မစားပါဘူး၊
အန္တရာယ်မပေးပါဘူးလို့ ကတိပေးရင်တော့ ကယ်ပေးပါမယ်” လို့ ပြန်ပြောလိုက်ပါတယ်။

အဲဒီ့အခါ
ခြင်္သေ့ဟာ အလွယ်တကူပဲ ကတိပေးပါတယ်။ ဒါနဲ့ခရီးသွားဟာလည်း ခြင်္သေ့ကို ထောက်ချောက်ကနေလွတ်အောင် ကူညီပေးပြီး ကယ်ဆယ်ပေးလိုက်ပါတော့တယ်။

ထောက်ချောက်ကနေ လွတ်သွားတဲ့ခြင်္သေ့ဟာ အားရဝမ်းသာအော်ဟစ်လိုက်ပြီး ခရီးသွားကိုပြောလိုက်ပါတယ်။

“ဟယ် အသင်ခရီးသွား သင့်ကိုအရမ်းကျေးဇူးတင်မိပါတယ်၊
ငါ့မှာ ထောင်ချောက်ထဲ ၂ ရက်လောက်
အမိခံနေရတဲ့အတွက် ဘာမှလည်း မစားရသေးလို့ အင်မတန်ဆာလောင်နေတာနဲ့အတော်ပဲ။

သင့်ကိုကျေးဇူးတင်လက်စနဲ့
ငါ့ရဲ့ဟာနေတဲ့ဗိုက်ကိုပါဖြည့်ပေးလိုက်ပါ”
ဆိုပြီး

ကျေးဇူးကန်းတဲ့ခြင်္သေ့ဟာ
ပေးထားတဲ့ကတိကိုဖျက်ပြီး
ခရီးသွားကို စားမလိုလုပ်ပါတော့တယ်။

အဲဒီ့အခါ ခရီးသွားဟာလည်း

“ဟုတ်ပြီ၊ အဲဒါဆို စားခွင့်ပေးရမှာပေါ့။ ဒါပေမယ့် ခဏလောက်စောင့်ပါအုံး။ နောက်ထပ်ခရီးသွားတစ်ယောက်လာတဲ့အထိခဏလေးစောင့်ပြီး သင်လုပ်တဲ့အလုပ်က မှန်ကန်လား၊ တရားရဲ့လားဆိုတာ ဆုံးဖြတ်ခိုင်းရအောင် ၊ ဒါလေးတော့ သဘောတူပေးလိုက်ပါ၊ ငါကသင့်ကိုအကုန်သဘောတူပေးထားတာပဲ” လို့ ပြန်ပြောလိုက်ပါတယ်။

အဲဒါနဲ့ပဲ ခြင်္သေ့ဟာ ခဏပဲစောင့်နိုင်မယ်လို့ ပြန်ပြောလိုက်ပါတယ်။ မကြာခင်မှာ မြေခွေးတစ်ကောင်ဟာ သူတို့ရှေ့ကနေဖြတ်သွားပါတယ်။

ခရီးသွားဟာလည်း မြေခွေးကိုခေါ်လိုက်ပြီး အကူအညီတောင်းပါတယ်။

“ အသင်မြေခွေး‌ရေ ခဏလောက်
ငါတို့ကိစ္စကို ဆုံးဖြတ်ပေးပါအုံး။
ကိစ္စကတော့ ဒီလိုပါ.....”ဆိုပြီး ပြောပြလိုက်ပါတယ်။

အဲဒါနဲ့မြေခွေးဟာ အကျင့်မကောင်းတဲ့ခြင်္သေ့ကို ပညာပေးဖို့စဉ်းစားလိုက်ပါတယ်။

“ဟုတ်ပြီလေ...အဲဒါဆိုရင် ဒီပြဿနာက အပြောနဲ့ချည်းပြောလို့မဖြစ်ဘူး။ ငါ့ကို လက်တွေ့ပြတဲ့အနေနဲ့ အသင်ခြင်္သေ့ဟာ ဘယ်လိုမျိုး ထောက်ချောက်ထဲမှာ မိနေခဲ့သလဲ။ သက်သေပြပါအုံး။ အဲဒါမှပဲ အစကနေ ဖြစ်ရပ်ကိုသုံးသပ်နိုင်မှာပေါ” လို့ မြေခွေးဟာ ခြင်္သေ့ကိုပြောလိုက်ပါတယ်။

အဲဒါနဲ့ ခြင်္သေ့ဟာ ဒီလိုမျိုးပါပဲ....." ဆိုပြီး ထောက်ချောက်ထဲကိုပြန်ဝင်ပြပြီး သူ့ခြေထောက်ကို ကျော့ကွင်းနဲ့ ပြန်စွပ်ပြလိုက်ပါတော့တယ်။

အဲဒီအခါကျတော့မှ မြေခွေးဟာ ခြင်္သေ့ကို “ကောင်းပြီလေ....
အဲဒီလို ထောက်ချောက်မိခဲ့တယ် ဆိုရင်လည်း အဲဒီ့အတိုင်းသာ နေခဲ့ပေတော့ခြင်္သေ့ရေ ၊ ကျေးဇူးမသိတတ်တဲ့
သင့်အတွက် ထိုက်တန်တာက ဒီအရာပဲ၊ ငါတို့တော့ သွားပြီ” လို့ ပြောပြီး ခြင်္သေ့ကို ထောက်ချောက်ထဲမှာ ဒီအတိုင်း ပြန်ထားခဲ့လိုက်ပါတော့တယ်။

ပြောချင်တာက ဘဝမှာလည်း အဲဒီလိုကျေးဇူးမသိတတ်သူမျိုးကို ကြုံရပါလိမ့်မယ်။

ဒါပေမယ့် အဲဒီ့လူတွေကို ဘာမှလုပ်စရာမလိုဘဲ အချိန်တန် သူ့တို့စိတ်ဓာတ်ကသူတို့ကိုပြန်အကျိုးပေးမှာပါပဲ။ သူတို့လိုစိတ်ဓာတ်ရှိသူနဲ့ သူတို့ပြန်ကြုံရတဲ့အခါ သူတို့အတွက် ဝဋျကအလိုလိုပြန်လည်လာပါလိမ့်မယ်။

မေတ္တာဖြင့်