ကရင်နှစ်သစ်ကူးနေ့ဖြစ်ပေါ်လာပုံ
ကရင်လူမျိုးတို့၏ သမိုင်းဝင်နှစ်သစ်ကူးနေ့အကြောင်းကို ရေးသားဖော်ပြရာတွင် "ဒေါကလု"ခေါ် ကရင်အမျိုးသားအစည်းအရုံး(Karen National Assoiation)အကြောင်းမပါ မပြီးသလောက် အရေးကြီးလှပေသည်။
"ဒေါကလု"သည် မြန်မာနိုင်ငံရေး အစည်းအရုံးများ မပေါ်ပေါက်မီ ၁၈၈၁ ခုနှစ်ကစ၍
ဒေါက်တာတီသံပြာ၊
ဦးလူနီ(ဆစ်ဒနီလူနီ၏ဖခင်)၊
ဒေါက်တာမြတ်စံ၊ ဦးစံလုံးနှင့် အခြားသော ကရင်အမျိုးသားခေါင်းဆောင်ကြီးများက တည်ထောင်ခဲ့သော အစည်းအရုံးကြီးဖြစ်သည်။
အိန္ဒိယကွန်ကရက်(India Congress)သည် "ဒေါကလု"အသင်းကြီးရှိပြီး နှစ်နှစ်အကြာ ၁၈၈၃ ခုနှစ်၌ ဖွဲ့စည်းတည်ထောင်ခဲ့ခြင်းဖြစ်သည်။ ဒေါက်တာတီသံပြာ(M.A.D.D.)သည် "ဒေါကလု"၏ ပထမဦးဆုံး ဥက္ကဋ္ဌဖြစ်၍ စောဘမောင်(Bar-at-Law)သည် အင်္ဂလိပ်များ မြန်မာပြည်မှ ဆုတ်ခွာသွားသည်အထိ နောက်ဆုံး ဥက္ကဋ္ဌတစ်ဦး ဖြစ်၏။
ကရင်အမျိုးသား အခွင့်အရေးဟူသမျှ တို့သည် "ဒေါကလု"၏ ကြိုးပမ်းဆောင်ရွက်မှုချည်းသာ ဖြစ်ခဲ့လေသည်။
ကရင်အမျိုးသား ခေါင်းဆောင်ကြီးများသည် ကရင်တစ်မျိုးသားလုံး၏ သမိုင်းဝင်နေ့ ရရှိရန်အတွက် ပထမတွင် ကရင်အမျိးသားနေ့(Karen National Day)ကို တင်သွင်းတောင်းဆိုချက်ကို အင်္ဂလိပ်အစိုးရက လက်ခံခွင့်ပြုခြင်းမရှိဘဲ အဆိုပါနေ့အစား အခြားနေ့တစ်နေ့ကို ဆက်လက်ထပ်မံတင်သွင်းပါရန် ပြန်လည်အဆိုပြုခဲ့သည်။
ကရင်အမျိုးသား ခေါင်းဆောင်ကြီးများက သမိုင်းဝင်နေ့အတွက် ဆွေးနွေးညှိနှိုင်းခဲ့ကြရာတွင်
"ကရင်နှစ်သစ်ကူးနေ့" (Karen New year Day)ကို တောင်းဆိုတင်သွင်းရန် သဘောတူညီခဲ့ကြသည်။
ထိုအချိန်၌ ကရင်အမျိုးသားတို့သည် နှစ်သစ်ကူးနှင့်ပတ်သက်၍ ကျင်းပခဲ့ကြသောနေ့၊ ရက်၊ လများသည် ဒေသတစ်ခုနှင့်တစ်ခု တူညီမှုမရှိခဲ့ကြောင်း တွေ့ရှိခဲ့ရသည်။
တောင်ပေါ်ဒေသတွင် နေထိုင်သော ကရင်အမျိုးသားအချို့သည် တောင်ယာလုပ်ငန်း ပြီးဆုံးလျှင် ရိုးရာအရိုးကောက်ပွဲများကျင်းပပြုလုပ်ကြ၏။
၎င်းနောက်တွင် ဆက်လက်၍ နှစ်သစ်ကူးပွဲကို ကျင်းပကြသည်။
ဗုဒ္ဓဘာသာဝင် ကရင်လူမျိုးတို့မှာ မြန်မာဗုဒ္ဓဘာသာဝင်များကဲ့သို့ပင် သင်္ကြန် ကျပြီးနောက် နှစ်ဆန်းတစ်ရက်နေ့ကို နှစ်သစ်ကူးအဖြစ်လည်းကောင်း၊
လဲကယ်ဘာသာဝင် ကရင်တို့မှာမူ သီတင်းကျွတ်လအတွင်း စနေနေ့ တစ်ရက်ရက်တွင်လည်းကောင်း၊
ခရစ်ယာန်ဘာသာဝင် ကရင်များက ကမ္ဘာ့နှစ်ဆန်းတစ်ရက်ဖြစ်သော ဇန်နဝါရီလ တစ်ရက်နေ့တွင်လည်းကောင်း၊
မေတ္တာဗြဟ္မစိုရ်အသင်းဝင်ကရင်များနှင့် ယိုးဒယားနိုင်ငံရှိ အချို့သောကရင်များသည် နှစ်သစ်ကူးနေ့ကို တပို့တွဲလဆန်း တစ်ရက်နေ့တွင်လည်းကောင်း၊
မြန်မာနိုင်ငံ မြေပြန့်ဒေသများတွင် နေထိုင်ကြသော ကရင်များနှင့် ယိုးဒယားနိုင်ငံဘက်မှ နေထိုင်သော ကရင်အချို့တို့သည်လည်း ပြာသိုလဆန်း တစ်ရက်နေ့တွင်လည်းကောင်း အသီးအသီး နှစ်သစ်ကူးပွဲတော်ကို ကျင်းပကြပါသည်။
ထို့ကြောင့်ပင် သမိုင်းဝင်နေ့တစ်နေ့ ရရှိရန် ကရင်နှစ်သစ်ကူးနေ့အဖြစ် တင်သွင်းရာ၌ ပထမဦးစွာ အောက်လွတ်တော်မှ စတင်တင်သွင်းရမည်ဖြစ်၍ ကရင်အမတ် ၁၅ ဦး၏ ဒုတိယဥက္ကဋ္ဌဖြစ်သော စောဂျွန်ဆင်ဒီဖိုးမင်းသည် နေ့ရက်သတ်မှတ်ရေးအတွက် တာဝန်ယူရ၏။ ထိုအခါ စောဂျွန်ဆင်ဒီဖိုးမင်းသည် တောင်ငူမြို့ရှိ ကရင်သက်ကြီး ဝါရင့်သူအချို့ကို ခေါ်ယူဆွေးနွေးခဲ့ပြီး သရာမိုးလိုအား ဆက်လက်တာဝန် လွှဲအပ်ခဲ့ကြသည်။
သရာမိုးလိုသည် ကရင်အမျိုးသားတို့၏ ခုနှစ် သက္ကရာဇ်သည် နှစ်ပေါင်းမည်မျှရှိကြောင်းနှင့် ကရင်အမျိုးသားတို့၏ နှစ်သစ်ကူးနေ့သည် မည်သည့်နေ့၊ လတွင် ဖြစ်ကြောင်းဟူသော အချက်နှစ်ချက်အပေါ် မူတည်၍ ရှာဖွေသုတေသန လုပ်ခဲ့ပြီးနောက် ပြန်လည်တင်ပြခဲ့သည်။
အရှေ့တိုင်းသမိုင်းသုတေသီကြီးနှစ်ဦးဖြစ်သော ဂျီ၊အိပ်ခ်ျ၊လုစ်(G.H.Luce)နှင့် ဂျီ၊အီး၊ဟာဗီ(G.E.Harvey)တို့၏ မှတ်တမ်းပြုချက်များအရ လည်းကောင်း၊ အမျိုးသားပညာဝန် ဦးဖိုးကျား ရေးသားသော မြန်မာရာဇဝင်အရ လည်းကောင်း၊ ကရင်လူမျိုးများ မြန်မာနိုင်ငံသို့ ရှေးဦးစွာ ဝင်ရောက်လာခဲ့ကြသည်မှာ ဘီ၊ စီ၊ ၇၃၉ ခုနှစ်ကဖြစ်ကြောင်း သိရှိရပေသည်။
သို့ဖြစ်၍ သရာမိုးလိုက ကရင်သက္ကရာဇ်ကို ကရင်လူမျိုးတို့ မြန်မာနိုင်ငံသို့ ဝင်ရောက်လာခဲ့ကြသည့် ထိုခုနှစ်မှအစပြု၍ ရေတွက်ရန် အဆိုပြုခဲ့၏။ ယင်းအဆိုပြုချက်ကို အေ၊ဒီ၊ ၁၉၃၆ ခုနှစ်တွင် တင်သွင်းခဲ့ရာ၊ ကရင်လူမျိုးများ မြန်မာနိုင်ငံသို့ စတင်ဝင်ရောက်လာခဲ့ကြသည့် ဘီ၊စီ၊ ၇၃၉ ခုနှစ်မှစ၍ ရေတွက်သော် နှစ်ပေါင်း နှစ်ထောင့်ခြောက်ရာကျော်ရှိခဲ့ပြီ ဖြစ်သည်။
တောင်ငူမြို့ရှိ သက်ကြီးဝါကြီးသူများ၏ သဘောတူညီ သတ်မှတ်လိုက်သည့် နေ့ရက်(သလေ လဆန်း ၁ ရက်)ကို ဥပဒေပြုအောက်လွတ်တော်တွင် တင်သွင်းသည့်အဆို (Bill) ကို စောဂျွန်ဆင်ဒီဖိုးမင်း လက်မှတ်ရေးထိုးကာ အောက်လွတ်တော်အစည်းအဝေးတွင် တင်သွင်းခဲ့၏။
၁၉၃၇ ခုနှစ်၊ သြဂုတ်လ ၂၃ ရက်နေ့တွင် ကျင်းပပြုလုပ်သော ဥပဒေပြုအောက်လွတ်တော် အစည်းအဝေး မှတ်တမ်းတင်ချက်အရ (Presented)ဟူ၍ မှတ်တမ်းတင်ထားသည်။
ယင်းကိစ္စနှင့်ပတ်သက်၍ အထက်လွတ်တော်မှ ဆရာစံဘော်က ဆက်လက်ဦးဆောင်၍ ဝန်ကြီးစောဖေသာနှင့် ညှိနှိုင်းပြီး ဒေါက်တာဘမော် အစိုးရအဖွဲ့သို့တင်ပြ၍ အစိုးရအဖွဲ့၏ သဘောတူညီချက်အရ (Cabinet Executive Power)ဖြင့် ဘုရင်ခံထံသို့ တင်ပြနိုင်၍ ဘုရင်ခံ၏ သဘောတူညီချက်ကြောင့် အစိုးရရုံးများနှင့် လွှဲပြောင်းနိုင်သည့် စာချုပ်စာတမ်း အက်ဥပဒေ(Negotiable Instrument act.) အစိုးရအသိအမှတ်ပြု ရုံးပိတ်ရက်အဖြစ် ရရှိခဲ့သည်။
အစိုးရ၏ ပထမဦးဆုံး အသိအမှတ်ပြု ရုံးပိတ်ရက်မှာ ၁၉၃၈ ခုနှစ်၊ ဇန္နဝါရီလ ၁ ရက်(၁၂၉၉ ခုနှစ်၊ ပြာသိုလဆန်း ၁ ရက်)နေ့ဖြစ်ပြီး၊ ၎င်းနေ့တွင် ဝတ်လုံတော်ရ ဆစ်ဒနီလူနီက အသံလွှင့်မိန့်ခွန်း ပြောကြားခဲ့သည်။ ၁၉၃၈ ခုနှစ်တွင် ပေါ်ထွက်လာသည့်"သာ့ပွာဖိုးလင်းတေး"ပြုစုရေးဆွဲသည့် ကရင်အမျိုးသားပြက္ခဒိန်အရ တစ်နှစ်ပြည့်မြောက်၍ ၁၉၃၈ ခုနှစ်၊ ဒီဇင်ဘာလ ၂၁ ရက်နေ့တွင် ကျ ရောက်သည့် ကရင်နှစ်သစ်ကူးပွဲတော်တွင် ကရင်အမျိုးသား ခေါင်းဆောင်ကြီး ၅ ဦး ဖြစ်ကြသော စောစံစီဖိုး၊ မန်းရွှေဘ၊ မန်းလှဖေ၊ စောဆစ်ဒနီလူနီနှင့် စောဖေသာတို့က သြဝါဒသဝဏ်လွှာ ပေးပို့ခဲ့သည်။
(သဝဏ်လွှာ ပေးပို့သည့်နေ့စွဲမှာ"သာ့ပွားဖိုးလင်းတေး"၏ ပြက္ခဒိန်အရ ၁၉၃၈ ခုနှစ်တွင် နှစ်ကြိမ် ကျရောက်နေခြင်းကြောင့် ရက်အမှန် (၂၁-၁၂-၃၈) အစား (၂၁-၁၂-၃၉)ဟူ၍ ဖြစ်နေကြောင်း သတိပြုအပ်၏)။
မည်သို့ပင်ဆိုစေ ယနေ့ကရင်အမျိုးသားထု တစ်ရပ်လုံးက သရာမိုးလို၏ ရှာဖွေချမှတ်ပေးခဲ့သည့်
ကရင်နှစ်သစ်ကူးနေ့ဖြစ်သော "သလေး"လဆန်း ၁ ရက်ဟု အတည်ပြုထားသော ပြာသိုလဆန်း ၁ ရက်၊
(သို့မဟုတ်)
"ထိုင်ခေါက်ဖူး"လဆန်း ၁ ရက်ကိုသာ ဆက်လက်အတည်ပြု လက်ခံနေကြကြောင်း တွေ့ရှိရပါသည်။
မန်းလင်းမြတ်ကျော် ရေးသားပြုစုသော "ကရင့်ရိုးရာ သုတပဒေသာ"စာအုပ်မှ ထုတ်နှုတ်မျှဝေသည်။