▪️ပထမဦးစွာ ...
ပန်း ၊ ရေချမ်း ၊ ဆီမီး ၊ နံသာတိုင်တို့
ပူဇော်လိုက်ခြင်းကြောင့်
" ဒါနပါရမီ " ဖြစ်သွားပါတယ်။
▪ငါးပါးသီလ
ခံယူ ဆောက်တည်လိုက်ခြင်းကြောင့်
" သီလပါရမီ " ဖြစ်သွားပါတယ် ။
▪️ဘုရား ရှိခိုးခိုက်ဝယ် ...
တဏှာရာဂ ၊ လောဘ ၊ ဒေါသ ၊ မောဟ ၊ မာန
စသည်တို့မှ ခဏ ကင်းလွတ်နေသောကြောင့်
" နေက္ခမ္မပါရမီ " ဖြစ်သွားပါတယ် ။
▪️ဘုရား ရှိခိုးခိုက် ...
မမှားအောင် သတိထား ရွတ်ဆိုနေခြင်း ၊
ပါဠိတော်ကို ရွတ်ဆိုနေခြင်း ၊ ဆင်ခြင်နေခြင်း ၊
ရွတ်ဆိုနိုင်သော အသိဥာဏ်တို့သည်
" ပညာပါရမီ " ဖြစ်သွားပါတယ် ။
▪️ကျန်းမာနေသ၍ ...
နေ့စဉ် ဝတ်မပျက် ရလေအောင်
ကြိုးစား ပူဇော်နေခြင်းတို့သည်
" ဝီရိယပါရမီ " ဖြစ်သွားပါတယ် ။
▪️ဘုရား ရှိခိုးခိုက်ဝယ် ...
ညောင်းညာနေခြင်း ၊ ပင်ပန်းနေခြင်း ၊ မှက်, ခြင်
ကိုက်ခြင်း စသည်တို့ကို သည်းခံနေခြင်းသည်
" ခန္တီပါရမီ " ဖြစ်သွားပါတယ် ။
▪️ဘုရား ရှိခိုးပြီးတိုင်းဝယ် ...
ဥပမာ - တပည့်တော်သည် မေတ္တာသုတ်ကို
ပူဇော်ပါ၏၊ ဤစကားသည် မှန်သော သစ္စာစကား
ဖြစ်ပါပေ၏ ... ဟု သစ္စာပြုခြင်းသည်
" သစ္စာပါရမီ " ဖြစ်သွားပါတယ်။
▪️ဘုရား မရှိခိုးခင်ဝယ် ...
ကြိုတင်ပြီး အာမခံထားမယ် ဆိုရင်
ဥပမာ - တပည့်တော်သည် မေတ္တာသုတ်ကို
၁၈ - ခေါက် သက်စေ့ ပူဇော်ပါမည်ဘုရား ဟု
ကြိုတင်ပြီး အဓိဋ္ဌာန် ထားမယ် ဆိုရင်
" အဓိဋ္ဌာန်ပါရမီ " ဖြစ်သွားပါတယ် ။
▪️ဘုရား ရှိခိုးပြီးတော့ ...
သတ္တဝါတွေ ကျန်းမာပါစေ ၊ ချမ်းသာပါစေ ၊
ဘေးရန် ကင်းပါစေ ၊ လိုရာဆန္ဒများ ပြည့်စုံပါစေ ၊
ဟူ၍ မေတ္တာပို့မယ် ၊ မေတ္တာပွားမယ် ဆိုရင်
" မေတ္တာပါရမီ " ဖြစ်သွားပါတယ် ။
▪️ဘုရား ရှိခိုးပြီး မေတ္တာပွားစဉ် အခါဝယ်
သတ္တဝါတွေ ကျန်းမာပါစေ ၊
ချမ်းသာပါစေ ၊ ဘေးဒုက္ခမှ ကင်းဝေးပါစေ လို့
မည်သို့ပင် မေတ္တာပို့ပို့ သူ့ကံနဲ့သူ လာတာပဲ ၊
ကံသာလျှင် အမိ ၊ ကံသာလျှင် အဖ ဖြစ်ပေတယ် ၊
ငါ ... မေတ္တာ ပို့နေပေမဲ့လည်း
ဘေးဒုက္ခ ကင်းချင်မှ ကင်းမယ် ဆိုပြီး သတ္တဝါတို့အပေါ်
ချစ်ခြင်း ၊ မုန်းခြင်း ၊ သနားခြင်း ၊ ဝမ်းသာခြင်း တို့ကို
ဘေးဖယ်လိုက်မယ် ၊ ဥပေက္ခာ ပွားလိုက်မယ် ဆိုရင်
" ဥပေက္ခာပါရမီ" ဖြစ်သွားပါတယ် ။
____________________________
ပါရမီ မြောက်တဲ့အထိ ဘုရားရှိခိုး ပူဇော်ပါက
လွန်းစွာ အကျိုးကြီးမြတ်လှပါတယ်။
ဘုရား ရှိခိုးတာ ...
" ဥာဏသမ္ပယုတ် ကုသိုလ် " ဖြစ်သွားတော့
နိဗ္ဗာန်ထိအောင် အကျိုးပေးပါတယ် ။
ဘုရားရှိခိုးတိုင်း ...
ပါရမီမြောက်တဲ့အထိ ရောက်အောင်
ဘုရားကို ပူဇော်နိုင်ပါစေလို့ ... ဆန္ဒပြုလျက် ... ။
မြတ်စွာဘုရား၏ တရားတော်ဖြင့်
ကမ္ဘာမြေကြီး အေးချမ်းကြပါစေ ။
Credit....